Thursday, September 29, 2011

ဓမ္မဒူတ (ကိုရီးယား) ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ် ရပ်ဆိုင်းမည်

ဓမ္မဒူတ (ကိုရီးယား) နှင့် ကိုရီးယားအပ်စိုက်ပညာရှင်များအသင်းတို့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိသော မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီထိ ဆောင်ရွက်လာခဲ့ပါသည် ။

သို့ရာတွင် ယခုအခါ ကိုရီးယားအပ်စိုက်ပညာရှင်များ နှင့် သမားတော်များဖက်မှ ၊ စေတနာဆရာဝန်များ အခက်အခဲရှိလာသဖြင့် ၊ အဆိုပါ အစီအစဉ်ကို ယခု လာမည့် တနင်္ဂနွေနေ့မှ စ၍ ရပ်ဆိုင်းလိုက်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည် ။

ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့
၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်

Tuesday, September 27, 2011

သဒ္ဓါဆွမ်းအလှူတော် ဖိတ်ကြားစာ

ကိုရီးယားနိုင်ငံရောက် ရွှေကချင်ညီအစ်ကိုမောင်နှမများက ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်အပေါင်းတို့အား ရည်စူး၍ ဓမ္မဒူတ(ကိုရီးယား) ဆရာတော် ဒေါက်တာ အရှင် နန္ဒကနှင့် ပင့်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်း ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ၊ ရေစက်သွန်းချ တရားတော်နာကြားကြမည့် သဒ္ဓါဆွမ်းအလှူတော်အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော် ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်..

အလှူနေရာ … ဓမ္မဒူတ(ကိုရီးယား)
အလှူနေ့ရက် ... ၂၀၁၁ အောက်တိုဘာ ၂ ရက်နေ့၊ တနင်္ဂနွေနေ့
အလှူအချိန် ... နံနက် ၇ နာရီမှ ၊ နေ့လယ် ၁ နာရီထိ
အာဟာရအစီအစဉ် ...
- အရုဏ်ဆွမ်း ၊ မိုးညှင်း ခေါက်ဆွဲ
- နေ့ဆွမ်း ၊ ရှမ်းထမင်း ရှမ်းဟင်း
တရားတော်နာ ... နေ့လည် ၁နာရီ ခွဲ တိတိ

ခင်မင်ရင်းနှီးစွာဖြင့်
ရွှေကချင် ညီအစ်ကို မောင်နှမများနှင့် ဓမ္မဒူတ(ကိုရီးယား)

Monday, September 26, 2011

ချီးကျူး ဂုဏ်ပြုအပ်ပါသည်

ယမန်နေ့ (စက်တင်ဘာ၂၅)က ဂျမ်ရှီးလ် အိုလံပစ် အားကစားကွင်း၌ ၊ အပြည်ပြည်ဆိုင်ရာဓမ္မကထိကများအသင်းက ကြီးမှူးကျင်းပသော နိုင်ငံခြားသားပေါင်းစုံ အားကစားပြိုင်ပွဲ ၊ ဘောလုံးကစားနည်းတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော မြန်မာကိုယ်စားပြု ဘောလုံးအသင်း (အောင်ဆန်းလက်ရွေးစင်ဘောလုံးအသင်း) အား ဓမ္မဒူတယဉ်ကျေးမှုအသင်း (ကိုရီးယား)က လေးစားစွာ ချီးကျူး ဂုဏ်ပြုအပ်ပါကြောင်း ။

ဓမ္မဒူတ ယဉ်ကျေးမှုအသင်း(ကိုရီးယား)
၂၀၁၁ခုနှစ် စက်တင်ဘာလ ၂၆ ရက်
အင်ချောန်းမြို့တော်

Monday, September 5, 2011

ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ၏ ၂၀၁၁-ချူးဆောက် ဓမ္မဒူတခရီးစဉ်

ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒသည် ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၁၀ ၊ ၁၁၊ ၁၂၊ ၁၃) အတွင်း ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း နှင့် ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-

၂၀၁၁ခုနှစ် စက်တင်္ဘာလ ၁၀ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
မွန်းလွဲ ၂ နာရီ ခွဲတွင် ဆောအူးလ်မြို့တော် ၊ မုတ်ဒုန်အရပ်ရှိ ကိုရီးယားဘုန်းတော်ကြီးကျောင်းသို့ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ဓမ္မဒူတခရီးစဉ် ကြွရောက်တော်မူပါမည် ။
ညနေပိုင်းတွင် ဓမ္မဒူတ(ကိုရီးယား)သို့ ပြန်လည်ကြွရောက်တော်မူပြီး ၊ ဆဋ္ဌမအကြိမ်မြောက် ဒုလ္လဘရဟန်းလောင်းများ သာမဏေရ ပဗ္ဗစ္ဇ မင်္ဂလာသို့ ကြွရောက်ချီးမြှင့်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။
၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၁၁ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊
နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ပထမအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ ဆဋ္ဌမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ခုနှစ် စက်တင်္ဘာလ ၁၂ ရက် (တနင်္လာနေ့)
နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် ၊ ရွှေထားဝယ်ညီနောင်များ (ကိုရီးယား) အသင်း ကလှူဒါန်းမည့် အရုဏ်ဆွမ်းအလှူတော်ကိုလည်းကောင်း ၊ နေ့လည် ၁၁နာရီ ၁၅မိနစ်အချိန်တွင် နေ့ဆွမ်းအလှူတော်ကို လည်းကောင်း ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁နာရီ ၃၀မိနစ် အချိန်တွင် ၊ ၂၀၁၁ခုနှစ် ချူးဆောက် အထူးတရားပွဲကို ချီးမြှင့်တော်မူပြီး ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွရောက်တော်မူပါမည် ။

ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ခုနှစ် စက်တင်္ဘာလ ၅ ရက် ။