Sunday, January 2, 2011

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ယမက၀ဂ္ဂ)

ဓမ္မပဒအဋ္ဌကထာ (commentary) စာအုပ်သည် နှစ်တွဲရှိပြီး အလျား ၈လက်မ၊ အနံ ခြောက်လက်မ အရွယ်ရှိသော ဆဋ္ဌမူစာအုပ် စာမျက်နှာပေါင်း (၉၉၀) ကျော်ရှိပါသည်။ ပါဠိတော် (canonical text) သက်သက် ဖတ်ရှုပါမူ ဂါထာ(verse) ဖြင့်ရေးထားသည်ကို တွေ့မြင်ရပြီး စာမျက်နှာ (၂၀) ထက်မပိုပေ။ ဂါထာပေါင်း (၄၂၀) ကျော်ရုံမျှရှိသော စာမျက်နှာ နှစ်ဆယ်ကျော်မှာ ဘုရားရှင်၏ ဟောကြားထားသော တရားတော်များ ဖြစ်ပါသည်။ တစ်ဂါထာလျှင် စာလုံးရေ (၃၂) လုံးရှိပြီး ကျစ်လစ် သိပ်သည်းလှသဖြင့် ပါဠိဘာသာကို တတ်ကျွမ်း သူများ ပင်လျှင် ပြည့်ပြည့်စုံစုံ နားလည်ရန် မလွယ်ကူလှပေ။ သို့အတွက် အထောက်အကူဖြစ်စေရန် ၀တ္ထုဇာတ်လမ်းများ ပါဝင်သော အဋ္ဌကထာကို အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်က ခရစ်သက္ကရာဇ် ပေါ်ထွန်းပြီး နှစ်ပေါင်းငါးရာက (A.D. ငါးရာစုက) ရေးသားခဲ့ပေသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင့် ငါးရာခန့်က ပြုစုခဲ့သော အဋ္ဌကထာများဖြစ်သည်ဟု ပြောကြမည်ဖြစ်သော်လည်း အသစ်တီထွင် ပြုစုခဲ့ခြင်း မဟုတ်ပေ။ ရှေးက သီဟိုဠ်ဘာသာ (ဆင်ဟာလိစိဘာသာ) ဖြင့် ရေးသားထားပြီးသော ကျမ်းစာများကို ပါဠိ ဘာသာသို့ ဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး အနည်းငယ် ပြုပြင် ဖြည့်စွက်ချက်များလည်း ရှိခဲ့မည်သာ ဖြစ်ပါသည်။ သို့အတွက်ကြောင့်ပင် ဤဓမ္မပဒအဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသပြုစုခဲ့သော ကျမ်းစာ မဟုတ်ဟုလည်း တစ်ချို့က အငြင်းပွါးကြပါသေးသည်။ မြန်မာပြည်အပါဝင် ထေရ၀ါဒငါးနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကမူ ဘုရား ဟောကျမ်းဂန်နှင့် တန်းတူညီ အလေးထား နေရာပေးပြီး လက်ခံထားကြပါသည်။ အငြင်းပွါးရခြင်းမှာ ဤကျမ်းစာ ရေးသားပုံ ပါဠိအသွားအလာများမှာ အဋ္ဌကထာဆရာကိုယ်တိုင် ရေးခဲ့သော အခြားသော ကျမ်းစာ များ၏ ရေးသားချက်များနှင့် မတူခြင်း၊ တစ်ချို့သော အယူအဆများမှာ ထေရ၀ါဒ အယူအဆမျိုး မဟုတ်ခြင်းဟု လည်း ပြောဆိုကြပါသည်။ သို့သော်လည်း အစဉ်အလာက လက်ခံခဲ့ကြသည်အပြင် အများစုအတွက်လည်း ကောင်းကျိုးဆောင်သော ကျမ်းစာဖြစ်သည်မှာ သေချာပါသည်။ အဋ္ဌကထာတွင်မူ မူရင်းပါဠိတော် ဂါထာများ သာမက ပေါရာဏဂါထားများ (ရှေခေတ်က အဆိုအမိန့်များ၊ ancient words)၊ စုဏိယများ (verses) ကိုလည်း ရေးဖွဲ့ ထားပေသည်။ တစ်ချို့နေရာများတွင် အဋ္ဌကထာ ဆရာက သူရေးသော အဆိုအမိန့်ကို လက်ခံစေရန် ပါဠိတော်(canonical text) ကျမ်းများကို အကိုးသာဓက ပြထားပေသည်။ မြတ်စွာဘုရားရှင်၏ အာဘော်ကျသော ကျမ်းစာဖြစ်သည်ဟု စာရေးသူက ယုံကြည်ပေသည်။ အကြောင်းမှာ အခြားသော မြတ်ဗုဒ္ဓ၏ ပါဠိတော်ကျမ်းများနှင့် ဆန့်ကျင်သည့် နေရာမျိုး မရှိခြင်းက သက်သေပြနေပါသည်။ စာရေးသူသည် ဤကျမ်းစာနှစ်အုပ်ကို ၁၉၈၂ မှ ၁၉၈၅ အထိ လေးနှစ်တိတိ လေ့လာခဲ့ဖူးသဖြင့် အကျိုးရှိသည်မှာ လက်တွေ့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် မဟုတ်သူ အနောက်တိုင်းသား အများစုသည် ဓမ္မပဒစာအုပ်ကို ဖတ်မိရာမှ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသည်ဟု သိရပါသည်။ ဤကျမ်းစာတွင် ၀ဂ်ဟုခေါ်သော ကဏ္ဍပေါင်း (၂၆) ခုရှိပြီး ပထမစာအုပ်တွင် ၀တ္ထုပေါင်း (၉၄) ခုနှင့် ဒုတိယအုပ်တွင်မူ နှစ်ရာကျော်ခန့်မျှ ရှိပါသည်။ ၀ဂ်၏ အမည်များကို ယမက၀ဂ်၊ အပ္ပမာဒ၀ဂ်၊ စိတ္တ၀ဂ် စသည်ဖြင့် ကဏ္ဍ(၂၆) ခု၏ နာမည်များကို နှစ်ဆယ့်ခြေက်မျိုး ပေးထားပါသည်။ ယမက၀ဂ်ဟူသည်မှာ စုံတွဲလေးများဟု အဓိပ္ပါယ်ရပြီး တစ်ဆယ့်လေးဝတ္ထု ပါရှိသည်။ ထိုအကြောင်းအရာများကို ၀ဂ်တစ်ခုစီ ဆောင်းပါးတစ်ပုဒ်ဖြင့် ဖေါ်ပြသွားပါမည်။
(၁-၂) ပထမနှစ်ဝတ္ထုတွင် ကြည်လင်သောစိတ် နှင့် ပြစ်မှားသောစိတ် တစ်စုံ၊ (၃) တတိယ၀တ္ထုတွင် ရန်ငြိုးထားခြင်းနှင့် ရန်ငြိုးမထားခြင်းတစ်စုံ၊ (၄) စတုတ္ထ၀တ္ထုတွင် ရန်ဖက်များကို ဖြစ်ပွါးစေခြင်းနှင့် အေးငြိမ်းစေခြင်းတစ်စုံ၊ (၅) ပဉ္စမတွင် ရန်ဖြစ်ခြင်းဖြင့် ဖြစ်လာမည့် အကျိုးဆက်များကို သိသူနှင့် မသိသူများတစ်စုံ၊ (၆) ဆဋ္ဌတွင် မကောင်းစိတ်များများက လွှမ်းမိုးခံရသူ နှင့် မခံရသတို့ တစ်စုံ၊ (၇) သတ္တမ တွင် ရာဂစသည်တို့ရှိလျှက် အ၀တ်အစားကို သုံးစွဲနေသူနှင့် ထိုတရားများ ကင်းလျှက် သုံးစွဲနေသူ တစ်စုံ၊ (၈) အဋ္ဌမ၀တ္ထုတွင် သီလ၊ သမာဓိ၊ ပညာ ၀ိမုတ္တိ၊ ၀ိမုတ္တိဥာဏ်အမြင်တို့ ပြည့်စုံနိုင်မည့်သူနှင့် မပြည့်စုံ နိုင်မည့်သူတစ်စုံ၊ (၉) န၀မ၀တ္ထုတွင် ရာဂမိုးရေ စိုရွှဲသူနှင့် ကင်းဝေးသူတစ်စုံ၊ (၁၀-၁၁-၁၂-၁၃) ဒသမ၊ ဧကာဒသမ၊ ဒွါဒသမ၊ တေရသမ ၀တ္ထုလေးခုတို့တွင် ဤဘ၀ နောက်ဘ၀ စိတ်ဆင်းရဲရမည့်သူ နှင့် ၀မ်းမြောက် ရမည့် သူတို့တစ်စုံ၊ (၁၄) နောက်ဆုံးဝတ္ထုတွင် သိထားသည့် အတိုင်းမကျင့်သူနှင့် ကျင်သူတို့တစ်စုံဟု ဟောကြား ထားပါသည်။
ကြည်လင်သော စိတ်သည် ကုသိုလ်စိတ်ဖြစ်ပြီး ကောင်းကျိုးကို ပေးပါသည်၊ အပြစ်မရှိ၊ ပညာရှင်တို့၏ ချီးမွမ်းခံရပါသည်။ အကျိုးပေးသော အချိန်အခါသည် လက်ငင်းဖြစ်ပြီး အရိပ်ပမာ ဖြစ်ပါသည်။ ထိုမှအပြန် မကြည်လင်သောစိတ်သည် အကုသိုလ်စိတ်ဖြစ်ပြီး မကောင်းကျိုးကို ချက်ချင်းလက်ငင်း ပေးပါသည်။ ဒေါသစိတ် ဖြစ်ကြည့်ပါ၊ လောဘစိတ် ဖြစ်ကြည့်ပါ။ ၀န်ဆောင်နွား၏ နောက်သို့ လှည်းဘီးလိုက်သလို လေးလံသော မကောင်းကျိုးများမှာ မိမိမှာစပြီး ဖြစ်ပါလိမ့်မည်။ ဤသည်မှာ ပထမ၀တ္ထုနှစ်ခုက ပေးသော အသိဖြစ်ပါသည်။ စက္ခုပါလမထေရ်ကြီးသည် ရဟန္တာတစ်ပါး (ဈာန်မပျံနိုင်သောရဟန္တာ) ဖြစ်ခဲ့ပြီး မျက်စိမှာမူ အလင်းမရခဲ့ပါ။ တရားကျင့်သောကြောင့် ရဟန္တာဖြစ်ခဲ့သည်၊ ရှေးကမကောင်းမှု အဟုန်ကြောင့် မျက်စိဆုံးရှုံးခြင်း ဒုက္ခကို ခံစားရပေသည်။ မဋ္ဌကုဏ္ဍလီဇာတ်လမ်းတွင် ဘုရားဖူးခြင်းကြောင့် နတ်ပြည်တွင် ဖြစ်ရသည်ဟု ဖေါ်ပြပါသည်။
ရန်ငြိုးထားခြင်း၊ ရန်ဖြစ်ခြင်း နှင့် ရန်ဖြစ်မည့် အပေါင်းအသင်းများကို စုစည်းခြင်းသည် ရန်ပွါးစည်း ခြင်းသာ ဖြစ်ပေမည်၊ ယနေ့ခေတ် အဖြစ်အပျက်များကို လေ့လာသည်ဖြစ်စေ၊ အတိတ်က စာမျက်နှာများကို ပြန်လည်ဖတ်ရှုမိသည်ဖြစ်စေ၊ နောင်တွင်ဖြစ်ပေါ်လာမည့် အရေးအကြောင်းများကို ဆင်ခြင်မိသည်ဖြစ်စေ ရန်ပွဲနှင့်သာ ပတ်သက်ပါက တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ တစ်ရပ်ကွက်ချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းပြည်အချင်းချင်း၊ ယုတ်စွအဆုံး ဘောလုံပွဲတစ်ပွဲချင်းကအစ ရန်ပွဲပေါ်လာပါက အများသူငါ ဆင်းရဲ စရာသာဖြစ်ပေသည်။ တကယ်ဆင်းရဲမှန်းကို မသိသဖြင့်သာလျှင် ရန်ဖြစ်နေကြပါသည်၊ သိသည်ဟု ဆိုပါလျှင်လည်း လက်တွေ့ အကျင့်မပါသေးသဖြင့် ရန်ဖြစ်ကြပါသည်၊ မီးကျီးခဲကို ကိုင်လျှင် ပူမှန်းသိသဖြင့် မည်သူမှု လက်ဖြင့် တိုက်ရိုက်မကိုင်ပဲ မီးညှပ်စသည်ဖြင့်ကိုင်ပြီး သုံးဆောင်ကြပေသည်။ ရန်ဖြစ်သည်ကို မကောင်းမှန်း မီးကျီးခဲ အပူမျိုးမှန်း တိတိကျကျသိကြလျှင် မည်သူက အပူခံကြပါမည်နည်း၊ မသိသည်မှာ ထင်ရှားပါသည်။ သိရှိပြီးသွားကြသော သူတော်ကောင်းကြီးများက ရန်မဖြစ်တော့ပါ။ အင်္ဂုလိမာလ ရဟန်းတော်သည် အသိတရား မရှိသေးခင် လူဝတ်ကြောင်ဘ၀က လူအများကို ဒုက္ခပေးခဲ့သူ ဖြစ်ခဲ့ပါသည်။ အသိရှိသွားသောအခါ မိမိအား အုတ်ခဲဖြင့် ပေါက်သဖြင့် ဦးခေါင်းမှ သွေးများ ယိုစီးခဲ့သည့်အခါ သူတစ်ပါးအပေါ် မိမိရင်တွင်းမှ မေတ္တာ ရေစဉ်ဖြင့်သာ သည်းခံခဲ့ပြီး နောက်ပိုင်းတွင် သစ္စာဖြင့် မန္တာန်ရွတ်ဆိုကာ မီးမဖွါးနိုင်သော မိခင်လောင်းတို့အား သက်သာစေရန် လူသား အများစုအား အကျိုးပြုခဲ့ပေသည်။ ရဟန္တာဖြစ်သဖြင့် ဒေါသစိတ် ကုန်သွားခဲ့ပါပြီ။ ဤသည်မှာ တတိယ၊ စတုတ္ထ နှင့် ပဉ္စမ၀တ္ထုတို့မှ ပေါင်းပြီးပေးသော သိစရာများ ဖြစ်ပါသည်။ မူရင်း အဋ္ဌကထာတွင်မူ ရန်ကို ရန်ချင်း တစ်နည်းအားဖြင့် ဓားကို ဓားဖြင့်၊ ဒုတ်ကို ဒုတ်ဖြင့် (ဓား၊ ဓားချင်း၊ တုတ်၊ တုတ်ချင်း) တုန့်ပြန်ခဲ့ကြသဖြင့် ဒေါသစိတ်များဖြစ်ခဲ့ကြသော အကြောင်းများကို ဇာတ်လမ်းများနှင့် ဖေါ်ပြထားပါသည်။ သမိုင်းဖတ်ဖူး ကြပါလျှင် လူသားများ၏ ဒေါသကြောင့် အများသေကြေရသည်ကို သိနိုင်ပြီး ယနေ့ခေတ်တွင်လည်း လေ့လာနိုင်ပါသည်။ အတိတ်က လူ၏ ဒေါသနှင့် ယနေ့ခေတ် လူတို့၏ ဒေါသသည် အချိန်သာ ခြားနားသွားပြီး မကောင်းကျိုးကို ဖြစ်စေတတ်သည်မှာ တူပါသည်။
လူသားသည် ပဋိသန္ဓေအစကပင် လောဘစိတ်ဖြင့် မွေးဖွါးလာခဲ့ကြသူများဖြစ်ပေရာ လောဘမူစိတ်ကို စိတ်ရှစ်ဆယ့်ကိုးပါးတွင် ရှေ့ဆုံးတွင် ထားရပေသည်ဟု ဋီကာကျော်ဆရာက ဆိုထားပါသည်။ လောက ကြီးသည် တဏှာအုပ်စိုးသော လောကကြီးဖြစ်သည်ကို သာမည အသိရှိကြသူများပင် ထင်ရှားစွာ သိကြ ပါသည်။ ထိုကဲ့သို့သော အနေအထားတွင် လောကလူသားများက အာရုံခံစားမှုတွေ နောက်သို့ အဆက်မပြတ် လိုက်နေကြပါလျှင်၊ သမာဓိစိတ်ရှိအောင် ထိန်းသိမ်းမည့်အစား ပေါ့ပေါ့ဆဆ နေကြပါလျှင်၊ အစားအသောက် တွင်လည်း သင့်တင်ရုံမျှမဟုတ်ပဲ အသုံးအစွဲ ကြီးလွန်းကြ ပါလျှင်၊ ၀ီရိယကိုလျော့၊ ပျင်းရိမှုကို မိတ်ဆွေဖွဲ့ ဖြစ်ကြပါလျှင် မြစ်ကမ်းပါးဘေးက သစ်ပင် တစ်ပင်နှင့် အလားတူ အချိန်မရွေး လဲကျသွားပြီး ဘ၀ရပ်တည်မှုကို တည်ဆောက် နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ခိုင်မာသော ကျောက်ဆောင်ကြီးအလား တုန်လှုပ်မှုမရှိစေရန် ခံစားမှု၊ သာယာမှုများကို သင့်တင့်ရုံမျှ၊ ထိန်းသိမ်းစွာဖြင့် သမာဓိရှိကြ၊ ကျန်းမာရေး အတွက်သာ အစား အသောက်ကို ဆင်ခြင်ပြီးစားကြ၊ ကြိုးစားခြင်းကို အဖေါ်ပြုကြ၊ ဤအသိကို လက်တွေ့လိုက်နာလျှင် တိုးတက် သော လူသားဖြစ်မည်မှာ သေချာပါသည်။ ဤသည်မှာ ဆဋ္ဌမ၀တ္ထုမှ ပေးသော သိစရာ မှတ်စရာဖြစ်ပါသည်။ ဆဋ္ဌမ၀တ္ထုတွင် လူ့ဘ၀မှ ရဟန်းဘ၀သို့ ရောက်လာသော တောထွက် ညီအကို ရဟန်းနှစ်ပါးအကြောင်း ဖေါ်ပြပြီး ဇနီး၏အိမ်သို့ သွားရာတွင် ထောင်ချောက်မိပြီး လူ့လောကသို့ ပြန်ရောက်သွားပုံကို ရေးဖွဲ့ထားပါသည်၊ အကိုကြီး ဖြစ်သော ရဟန်းတော်မှာမူ ညီအငယ်ကဲ့သို့ အလားတူ ဇနီးသည်များက ဖမ်းပါသော်လည်း လွတ်အောင်ရုန်းခဲ့ရပြီး ရဟန္တာမထေရ် ဖြစ်လာခဲ့ပါသည်။
လောကတွင် လူလှအောင် အ၀တ်တန်ဆာဆင်ရန် အရေးကြီးသကဲ့သို့ စိတ်လှအောင်လည်း ကုသိုလ်တန်ဆာဆင်ရန် မမေ့သင့်ပါ။ အ၀တ်အစားကို တန်ဆာဆင်ရာတွင်လည်း သန့်ရှင်းမှုကို ဦးစားပေပြီး ကျန်းမာရေးနှင့် ညီစေရန်၊ သူတစ်ပါးအမြင်တွင် မကောင်းစိတ်များ မဖြစ်ပွါးစေရန် အရေးကြီိးသကဲ့သို့ ကုသိုလ်ပြုရာတွင်လည်း မိမိပြုနိုင်သော ကုသိုလ်ကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရန်၊ မှန်ကန်စွာ ဆုတောင်းတတ်ရန်၊ ရိုသေစွာဖြင့် လှူတတ်ရန်၊ သီလကိုလည်း တတ်နိုင်သမျှ မြဲစေရန်လိုပေသည်။ ဤ၀တ္ထုသည် ဒေ၀ဒတ်ကို အကြောင်းပြုပြီး ဟောတော်မူပါသည်။ အ၀တ်အစားကောင်း ကြိုက်သူဖြစ်ပြီး ကိုကျင့်တရားမှာမူ မကောင်းသူဖြစ်သောသူသည် သူတစ်ပါးအတွက် ထိုက်တန်သောအ၀တ်ကို လက်ဦးမှုယူပြီး ၀တ်ရုံခဲ့ပေသည်။ ပြည့်ဝသော သူများက နားလည်ပေးခဲ့ကြ ပါသော်လည်း ပုထုဇဉ်ရဟန်းများကမူ မကျေနပ်ခဲ့ကြပါ၊ အ၀တ်၏ အလှသည် ကိုယ်ကျင့် သိက္ခာ ကောင်းမှုအလှနှင့် တွဲစပ် ပေးပါမှ ဂုဏ်မြောက် သော အလှအပ တစ်ခု ဖြစ်ပေမည်။ သို့မဟုတ်ပါက မကောင်းသော အနံ့သာ ထွက်လာပေမည်။
လောကတွင် ကိုယ်စီးသောမြင်းကို အထီးမှန်းအမမှန်းသိရန် အရေးကြီးပါသည်၊ ထိုအတွက် သတိလိုပါသည်၊ အသိလိုပါသည်။ လိုအပ်သောအသိသည် မှန်ရပါမည်၊ မည်သည်က အနှစ်၊ မည်သည်က အကာဟုသိလျှင်မူ အကာနှင့် အနှစ်ကို ယူတတ်ကြပေမည်။ သီလ၊ သမာဓိနှင့် ပညာတို့သည် တကယ် လိုအပ်သော အရာဖြစ်သည်ကို တွေးတော နိုင်ကြပေသည်၊ အတွေးမှန်လျှင်မူ အကျင့်မှန်ရန် ခြေတစ်လှန်း ဆက်လှန်းရန် ကြိုးစားရပေမည်။ အရှင်သာရိပုတ္တရာ မထေရ်အကြောင်း ဖေါ်ပြသော ၀တ္ထုတစ်ခု ဖြစ်ပါသည်။
လောကတွင် အရေးကြီးဆုံးသော အရာသုံးပါး ရှိပါသည်၊ အစားအစာ၊ နေထိုင်စရာနှင့် အ၀တ် တန်ဆာဟု သိကြပါသည်။ ထိုသုံးပါးတွင် နေစရာအိမ်သည် တစ်ခု အပါဝင်ဖြစ်ရာ မိမိတို့ နေသောအိမ် လုံလုံ ခြုံခြုံရှိစေရန် အစစအရာရာ ပြင်ဆင်ကြရပါသည်။ အိမ်ခေါင်မိုးသည် အရေးကြီးဆုံးသော အရာတွင် ပါဝင် ပါသည်။ ခေါင်မိုးမလုံပါက အဆင်မပြေဖြစ်ကြပါမည်။ မိုရေတွေ ရွဲပါမည်၊ နှင်းတွေ စိုပါမည်၊ ဖုံတွေ တက် ကြပါမည်။ ဤကဲ့သို့ပင် ဘ၀တွင်လည်း စိတ်သည် ခေါင်မိုး ဖြစ်ပါသည်၊ စိတ်ကို လွှတ်ထားပါက ခေါင်မိုးမလုံ သည့် အိမ်နှင့် အတူတူပင် ဖြစ်ပါသည်။ ပုထုဇဉ်တို့၏ စိတ်သည် မကောင်းမှုနှင့်သာ မွေ့လျော် တတ်သော ကြောင့် ဖြစ်ပါသည်။ သို့အတွက် စိတ်ခေါင်မိုးကို လုံခြုံစေရန် အမိုးကို မိုးတတ်ကြရန် လိုပါသည်။ ဘုရားရှင်၏ မအေတူ၊ အဖေကွဲ ညီတော်မင်းသား နန္ဒမထေရ်၏ အကြောင်းကို ဟောထားသော ဇာတ်လမ်းဖြစ်ပါသည်။
တစ်ဆယ်မှ တစ်ဆယ့်သုံးအထိ ၀တ္ထုများတွင်မူ ဤဘ၀နှင့် တမလွန်ဘ၀တို့တွင် ပျော်ရွှင်စွာ၊ စိတ်ချမ်းသာမှုရှိစေရန် အရေးကြီးကြောင်း မိန့်တော်မူထားပါသည်။ ဤကဲ့သို့ ပျော်ရွှင်၊ ချမ်းမြေ့စေရန် မည်သည့်အရာက လုပ်ဆောင်ပေးပါသနည်း စဉ်းစားကြည့်ရပေမည်။ အရေးကြီးဆုံးအရာမှာ မိမိလိပ်ပြာသန့်မှု ဖြစ်ပါသည်။ စွမ်းနိုင်သူဖြစ်ပါက သူတစ်ပါးကို လိမ်ညာနည်း အမျိုးမျိုး၊ ပရိယာယ်အသွယ်သွယ်ဖြင့် လိမ်ညာ တတ် ကြပေမည်။ သူတစ်ပါးက မိမိ၏ လိမ်ညာကြောင်းကို သိချင်မှ သိမည်ဖြစ်သော်လည်း မိမိကိုယ်တိုင်ကမူ သိနေပေသည်။ မကောင်းမှုလုပ်သူသည် ဘယ်သောအခါမှ လိပ်ပြာမသန့်ပေ။ လိပ်ပြာမသန့်ပါက ခံစားရသမျှ၊ စံစားရသမျှသော စည်းစိမ်သည် ချိုမြိန်မည် မဟုတ်ပေ။ သို့အတွက် မကောင်းမှုတွေ များစွာလုပ်မိသည် ဖြစ်ပါစေဦး၊ စင်ကြယ်လှသော၊ အသိနှင့်ယှဉ်သော၊ ကုသိုလ်နည်းနည်းကို လုပ်ရန်မမေ့ပါနှင့် ထိုနည်း ပါးလှသော ကုသိုလ်သည် တရားသဖြင့်ရသော ပစ္စည်းဖြစ်ပါစေ၊ ကုသိုလ်ပြုသော အခါတွင်လည်း အမှန်သိသော ဥာဏ်ကိုသာ ဦးတည်ချက်ထားပြီး လှူဒါန်းမိပါစေ၊ လှူသောပုဂ္ဂိုလ်ကို ရွေးချယ်ရာတွင်လည်း လိုအပ်သော သူအား မှန်ကန်သော ကွက်လပ်ဖြည့်ပေးသည်ဖြစ်ပါစေ ကြီးစွာသော စိတ်ချမ်းသာမှုကို ရပေလိမ့်မည်။ ထိုကဲ့သို့ပင် ဖြစ်စေချင်ပါသည်။ ပုဂ္ဂိုလ်ကို မစွဲစေချင်ပါ။ ဤသို့ စနစ်တကျ ပြုတတ်သော အလှူသည် ၀မ်းသာစရာ ဖြစ်ပါမည်။
နောက်ဆုံးဝတ္ထုတွင်မူ အသိနှင့် အကျင့် တစ်ထပ်တည်း ကျစေရန် ဖြစ်ပါသည်။ ၀ိဇ္ဖာသည် အသိဖြစ်ပြီး စရဏသည် အကျင့်ဖြစ်ပါသည်။ သိသည့်အတိုင်း ကျင့်ပြီး၊ ပြောသည့်အတိုင်း နေထိုင်ရန် အရေးကြီး လှပါ သည်။ မိမိဖေါ်သည့် ဆေးကို မိမိကိုယ်တိုင်စားရန် မ၀ံ့ဟုဆိုပါလျှင် အသိနှင့် အကျင့် မညီသူသာလျှင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်က သိသူကို နွားကျောင်းသား အဆင့်သာရှိသူဟု ဟောတော်မူပါသည်။ သိသ မျှကို ကျင့်ပြီး အမှန်တရားသိသူကိုသာလျှင် နွားပိုင်ရှင်ဟု ဆိုပါသည်။ နွားပိုင်ရှင်၏ လုပ်ပိုင်ခွင့်၊ သုံးဆောင် ခံစားခွင့်သည် နွားကျောင်းသားထက် သာလွန်သည်ကို သိကြပေမည်။ ဤ၀တ္ထုသည် စာတတ်ပြီး တရားကို မကျင့်သူနှင့် စာအသင့်အတင့် တတ်သိပြီး တရားကို ကြိုးစားကျင့်ကြံသူတို့ကို နိုင်းယှဉ်ပြသော ဇာတ်လမ်း တစ်ခု ဖြစ်ပါသည်။
အထက်ပါတို့မှာ တစ်ဆယ့်လေးဝတ္ထုတို့တွင် မြတ်စွာဘုရားရှင်က သိစေချင်သော အဆုံးအမများ ဖြစ်ပါသည်။ အဋ္ဌကထာလာဝတ္ထုပေါင်း တစ်ဆယ့်လေးခု၏ စာမျက်နှာပေါင်း (၁၀၂) မျက်နှာကို ဤဆောင်းပါး စာမျက်နှာ အနည်းငယ်ဖြင့် အကျဉ်းချုပ်ပြီး တင်ပြရခြင်း ဖြစ်ပါသည်။ အဆုံးအမ တစ်ခုချင်းစီကို သုံးတတ်ပါက လုံလောက်သော တန်ဖိုးနှင့် တန်ခိုးကို ရရှိပါမည်။ သုံးချင်စိတ် ဖြစ်ပေါ်ရန်နှင့် မှန်မှန်ကန်ကန် သုံးတတ်ရန် လိုပါသည်။ နောင်တွင် ကဏ္ဍနှစ်ဆယ့်ငါးခုကို ဆက်လက်ပြီး တင်ပြသွားရန်ရည်ရွယ် ထားပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ ယမက၀ဂ်
၂။ အဘိဓမ္မတ္ထ၀ိဘာဝိနီဋီကာ လောဘမူစိတ်အဖွင့်
စာရေးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဓမ္မပဒအဋ္ဌကထာ

ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ်တွင် စာမျက်နှာ ၄၅၅၊ ၀ဂ်ပေါင်း ၁၈၊ ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ ပုဒ်ပါရှိပြီး မှတ်သားစရာများ စုံလင်သည်ကို တွေ့ရပါသည်။ အစဆုံးဝဂ်ကို ပါပ(မကောင်းမှု) နာမည်ပေးခြင်းဖြင့် စထားပြီး နောက်ဆုံးဝဂ်ကိုမူ ဗြာဟ္မဏနာမည် (မကောင်းမှုကို မျှောပစ်သူ) ဖြင့် ညွှန်းဆို ပြသထားသည်ကို တွေ့ရပါသည်။ ၀ဂ်ပေါင်း တစ်ဆယ့်ရှစ်ခုတွင် တစ်ချို့ဝဂ်များကို ၀တ္ထုပေါင်း အနည်းဆုံးရှစ်ခု၊ အများဆုံးအနေဖြင့် တစ်ချို့ဝဂ်များကို ဇာတ်လမ်းလေးဆယ်တို့ဖြင့် ဖွဲ့စည်းထား သည်ကို တွေ့ရပါသည်။ ဤသို့တွေ့ရသဖြင့် ၀ဂ်တစ်ခုတွင် ဇာတ်လမ်းပုဒ်ရေကို တစ်သမတ်တည်း မှတ်သားရန် မဖြစ်နိုင်ပေ။ တိတိကျကျ လေ့လာသော် ၀တ္ထုဇာတ်လမ်း ရှစ်ပုဒ် ပါသောဝဂ် သုံးခု (၂၄)၊ ကိုးပုဒ် ပါသောဝဂ် ငါးခု (၄၅) ၊ ဆယ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၀)၊ တစ်ဆယ့်တစ်ပုဒ် ပါသောဝဂ် နှစ်ခု (၂၂)၊ တစ်ဆယ့်နှစ်ပုဒ် ပါသောဝဂ် ငါးခု (၆၀) နှင့် ဇာတ်လမ်းလေးဆယ်ပါဝင်သောဝဂ် တစ်ခု (၄၀)အားဖြင့် ၀တ္ထုဇာတ်လမ်းပေါင်း ၂၁၁ပုဒ် ရှိပါသည်။ ဇာတ်လမ်း တစ်ဆယ့်နှစ်ပုဒ် ပါဝင်သော ပါပ၀ဂ်တွင် ဆယ်ပုဒ်မှာ ဇေတ၀န်ကျောင်းတော်၌ ဟောကြားခဲ့သော ဇာတ်လမ်းများဖြစ်ကြပြီး ကျန်သောဇာတ်လမ်းနှစ်ပုဒ်တွင် တစ်ပုဒ်မှာ ဝေဠုဝန် ကျောင်း နှင့် တစ်ပုဒ်မှာ နိဂြောဓာရုံကျောင်းတော်တွင် ဟောကြားခဲ့သော ဇာတ်လမ်းများ ဖြစ်ပါသည်။ အထက်ပါ ကျောင်းတော်သုံးကျောင်း တည်ရှိသော မြို့၏ နာမည်များကို သာဝတ္ထိ၊ ရာဇဂြိုဟ် နှင့် ကပိလ ၀တ္ထုဟု အစဉ်အတိုင်း မှတ်သားရပါမည်။ ဤပါပ၀ဂ်တွင် ရဟန်း၊ ရှင်ဘုရင်၊ ပုဏ္ဏား၊ သူကြွယ်နှင့် မုဆိုးတို့၏ အကြေင်းများကို လေ့လာနိုင်ပါသည်။ ဖွင့်ဆိုပြစရာ တစ်ဆယ့်နှစ်ဂါထာ ပါဝင်သော ၀တ္ထုတစ်ဆယ့်နှစ်ခုတွင် ပါပဟူသော ပါဠိကို အကြိမ်များစွာ တွေ့ရပါသည်။ ပါပ မပါသော ဂါထာတွင် နှိုင်းယှဉ်ချက်ကိုဆိုရာဖြစ်သော ပုညဟူသော ပါဠိကို သုံးစွဲထား ပါသည်။
ကာယဒုစရိုက်စသည့် မကောင်းမှုကို ပါပ ဟုခေါ်ဆိုရသလို အကုသိုလ်စိတ်များကိုလည်း ပါပ ဟုပင်ခေါ်ဆိုရပါသည်။ ပါပစိတ်ကို တားမြစ်ရမည်ဟု မိန့်တော်မူပါသည် ။

ဒေးဆိုညီအစ်ကိုများ အလှူတော်မှတ်တမ်း (ဓမ္မဒူတ-ကိုရီးယား)