Monday, August 29, 2011

ဆရာတော် အရှင်ဆေကိန္ဒ ချူးဆောက်အထူးတရားပွဲ ဖိတ်ကြားစာ

ဓမ္မဒူတ (ကိုရီးယား) အနေဖြင့် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုမောင်နှမများအတွက် ၊ လာမည့် ချူးဆောက်ပိတ်ရက် (စက်တင်္ဘာ၁၂ရက်နေ့) တွင် အထူးတရားပွဲစီစဉ်ထားရာ ၊ တရားပွဲသို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင် ဆေကိန္ဒကြွရောက် ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

တရားပွဲ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- ရက်စွဲ ။ ၂၀၁၁ခုနှစ် စက်တင်္ဘာလ ၁၂ ရက်
- အချိန် ။ နေ့လည် ၁နာရီ ၃၀ မိနစ်မှ ၃ နာရီထိ
- နေရာ ။ ဓမ္မဒူတသိမ်တော်ခမ်းမ

တရားပွဲလာပရိသတ်များကို ရွှေထားဝယ်ညီနောင်များ(ကိုရီးယား)က အရသာထူးကဲသည့် သန့ှ်ရှင်းလတ်ဆတ်သော ရွှေထားဝယ် ထမင်းဟင်းများဖြင့် အာဟာရဒါနပြုကုသိုလ်ယူကြပါမည် ။

ပိတ်ရက်ကာလတွင် ကမ္ဘာကျော် ဓမ္မကထိက ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်ကို နှလုံးသွင်းနာယူကြရင်း ၊ ရွှေထားဝယ်ညီနောင်များ ၏ အာဟာရဒါန ပါရမီကို ဖြည့်ဆည်းတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ သြဂုတ်လ ၂၉ ရက်

Friday, August 26, 2011

ဓမ္မဒူတ (ကိုရီးယား) ချူးဆောက် ပိတ်ရက်ကာလ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲအစီအစဉ်

၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၂၆ ရက် ၊ သောကြာနေ့။
ဓမ္မဒူတယဉ် ကျေးမှုအသင်း (ကိုရီးယား) အစီအစဉ်ဖြင့် ပြုလုပ်မည့် ၊ ၂၀၁၁ခုနှစ် ကိုရီးယားနိုင်ငံ ချူးဆောက် ပိတ်ရက်ကာလ ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲ အကြောင်း အနယ်နယ်အရပ်ရပ်မှ ညီအစ်ကိုမောင်နှမများက စိတ်ဝင်တစား မေးမြန်းကြသည့်အတွက် ကျေးဇူးအထူးတင်ပါသည် ။

အဆိုပါ စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
- စက်တင်ဘာလ ၁၀ (စနေ) ညနေး ကိုရင်ကြီးဝတ်ပါမည် ။
- စက်တင်ဘာလ ၁၁ (တနင်္ဂနွေ) မနက်း သိမ်ဝင်ပါမည် ။
- စက်တင်ဘာလ ၁၂ (တနင်္လာ)း ရဟန်းတရားအားထုတ် ။
- စက်တင်ဘာလ ၁၃(အင်္ဂါ)း ညနေပိုင်း ပိတ်ရက်ကုန်ဆုံးမည့် ပုဂ္ဂိုလ်များ လူထွက်နိုင်ပြီး ၊ အားလပ်ရက်ရှိသေးသူများ ဆက်ပြီးနေနိုင်ပါသည် ။

မြိတ်အသင်းသူ အသင်းသားများ (ကိုရီးယား) က အဆိုပါ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ၏ ပင်မ ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့လှူဒါန်းကြမည်ဖြစ်သဖြင့် ရဟန်းလောင်းများအနေဖြင့် အထွေအထူး ကုန်ကျစရိတ်မရှိပါ ။ သို့ရာတွင် ကုသိုလ်ပါဝင်လိုသူများရှိပါက ပါဝင်နိုင်ကြစေရန်အလို့ငှာ ရဟန်းလောင်းတစ်ပါးအတွက် ဝမ် ဂ သောင်းနှုန်းဖြင့် ရဟန်းဒါယကာ ဒါယိကာမများအဖြစ် ပါဝင် ကုသိုလ်ယူနိုင်ကြပါသည် ။

ဓမ္မဒူတယဉ်ကျေးမှုအသင်း (ကိုရီးယား) ဘယ်မှာ ရှိပါသလဲ ၊ ဘယ်လိုလာရမလဲဟု မေးမြန်းသူများ ၊ ဤ ဘလော့ ညာဘက်ခြမ်းတွင် ကြော်ငြာအဖြစ်ဖော်ပြထားသည့် ဓမ္မဒူတနှင့် နိဗဒ္ဓအလှူ ကို နှိပ်လိုက်လျင် ဓမ္မဒူတ(ကိုရီးယား) အင်တာနက်စာမျက်နှာပေါ်လာပါမည် ။

လမ်းညွှန်မေးမြန်းကြသည့်ညီအစ်ကိုများ ဒီအတိုင်း( နှိပ်ပါ) လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည် ။

ဖုန်းနံပါတ် ၀၃၂ - ၅၂၁ - ၅၅၈၆ ထံ မေးမြန်းကြသူများ စက်တင်္ဘလာ ၂၄ ၊ ၂၅ ၊ ၂၆ ရက်များမှာ ဆရာတော်များ ဆွေးနွေးပွဲတက်ရောက်နေကြသည့်အတွက် အဆင်မပြေမှုများရှိခဲ့သည်ကို လေးစားစွာ တောင်းပန်အပ်ပါသည် ။


ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)

Tuesday, August 23, 2011

ဓမ္မဒူတ(ကိုရီးယား) ပထမအကြိမ် နိဗဒ္ဓအလှူရှင်များ စုပေါင်းရေစက်ချအလှူတော် ဖိတ်ကြားလွှာ

ဓမ္မဒူတ(ကိုရီးယား) ကိုအကြောင်းပြု၍ စဉ်ဆက်မပြတ်ဖြစ်သော အကျိုးပေးသန်သည့် နိဗဒ္ဓအလှူကို လှူဒါန်းခဲ့ လှူဒါန်းဆဲဖြစ်ကြကုန်သော နိဗဒ္ဓအလှူရှင်အပေါင်းတို့က မိမိတို့ ပြုပြုသမျှသော ကုသိုလ်အဖို့ဘာဂကို ဝေနေယျများစွာတို့အား မိမိတို့နှင့် ထပ်တူထပ်မျှ ရရှိကြပါစေလိုသော စေတနာမွန်ဖြင့် ၊ ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များ ပထမအကြိမ် စုပေါင်းရေစက်ချအလှူတော်ကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော်ယူတော်မူကြပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်-
- အလှူတော်ရက် ။ ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၁၁ ရက် (တနင်္ဂနွေ)
- အချိန် ။ မွန်းလွဲ ၁နာရီ ၃၀ မိနစ်မှ ၃ နာရီထိ
- နေရာ ။ ဓမ္မဒူတ(ကိုရီးယား) သိမ်တော်ခမ်းမ

သာဓုအနုမောဒနာတရားတော်ကို ကမ္ဘာကျော် ဓမ္မကထိက ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူပါမည် ။

ကိုရီးယားနိုင်ငံရောက် မြိတ်သူမြိတ်သားများက ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရဒါနပြုခြင်းဖြင့် ထပ်ဆင့် ကုသိုလ်တော်ယူကြပါမည် ။

ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်

Monday, August 22, 2011

လိုအပ်သော အချက်အလက် ပြန်လည်စစ်ဆေးပေးရန် လိုအပ်နေသော ဓမ္မဒူတ နိဗဒ္ဓအလှူရှင်များ

အလှူရေစက်လက်နှင့်မကွာ နေ့စဉ်ကုသိုလ်ပြုလိုကြသော ပါရမီရှင်များ၏ အလှူဒါန အထမြောက်စေရန်အလို့ငှာ ဓမ္မဒူတ(ကိုရီးယား)အနေဖြင့် နိဗဒ္ဓအလှူအစီအစဉ် ကိုလက်ခံဆောင်ရွက်လျက်ရှိပါသည် ။ အားတက်သရော ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူတော်မူကြသည်ကိုတွေ့ရသည့်အတွက်လည်း များစွာနှစ်ထောင်းအားရ ပီတိဖြစ်ကြရပါသည် ။

သို့ရာတွင် လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာမှ စိစစ်ချက်အရ အချို့သော အလှူရှင်များမှာ အလှူရှင်တို့ဖော်ပြကြရမည့် အချက်အလက်များ ပြည့်စုံ မှတ်ကန်မှုမရှိသည်ကို တွေ့ရပါသဖြင့် မိတ်ဆွေတို့၏ အလှူများ အထမမြောက်သည်ကို တွေ့ရှိရပါသည် ။

သို့ပါ၍ အောက်ဖော်ပြပါအလှူရှင်များအနေဖြင့် မိတ်ဆွေတို့၏ အမည်စာရင်းဘေးတွင် ဖော်ပြထားသည့် အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး ၊ ၀၁၀-၂၃၃၁-၂၄၅၇ ထံ အတည်ပြုချက်ပေးကြပါရန်လေးစားစွာ အသိပေး မေတ္တာရပ်ခံအပ်ပါသည် -
- HEIN-SOE-THU 주민등록번호불일치 (နိုင်ငံခြားသားကပ်အမှတ်)
- YIN-HTWE 수취인계좌없음(ဘဏ်စာရင်းအမှတ်)
- HTIKE-LIN-AUNG 민등록번호불일치(နိုင်ငံခြားသားကပ်အမှတ်)
- THAN-HTIKE-LWIN 계좌번호(ဘဏ်စာရင်းအမှတ်)
- AUNG-KYAW-WIN 계좌번호오류(ဘဏ်စာရင်းအမှတ်)
- THAN-HTUT-OO 주민등록번호(နိုင်ငံခြားသားကပ်အမှတ်)
- HTOO-AUNG-HLAING 주민등록번호불일치(နိုင်ငံခြားသားကပ်အမှတ်)

ဗုဒ္ဓသာသနံစီရံတိဋ္ဌတု-


ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်

Sunday, August 21, 2011

ဓမ္မဒူတ (ကိုရီးယား) ချူးဆောက် ပိတ်ရက်ကာလ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကျင်းပမည်

၂၀၁၁ ခုနှစ် ၊ သြဂုတ်လ ၂၁ ရက် ၊ တနင်္ဂနွေနေ့။
ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား)အနေဖြင့် ၊ ၂၀၁၁ခုနှစ် ကိုရီးယားနိုင်ငံ ချူးဆောက် ပိတ်ရက်ရှည် ( ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၃ ) ကာလ အတွင်း ဆဋ္ဌမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲ ကျင်းပမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည် ။

မြိတ်အသင်းသူအသင်းသားများ(ကိုရီးယား) က အဆိုပါ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ၏ ပင်မ ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့လှူဒါန်းကြမည်ဖြစ်ပါသည် ။

လောလောဆယ် ရဟန်းလောင်း ၅ ပါးရရှိထားပြီး ၊ ဒုလ္လဘ ရဟန်းခံလိုသူများ သို့မဟုတ် ရဟန်း ဒါယကာ ဒါယိကာမများအဖြစ် ပါဝင်ချီးမြှောက်လိုသူများ ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်း (ကိုရီးယား) (ဖုန်းနံပါတ် ၀၃၂ - ၅၂၁ - ၅၅၈၆)ထံ မေးမြန်းနိုင်ကြပါသည် ။


ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)

Sunday, August 7, 2011

ဓမ္မဒူတ (ကိုရီးယား) ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ရက်သတ္တ ၂ ပတ်တာ နားမည်

ဓမ္မဒူတ (ကိုရီးယား) ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ရက်သတ္တ ၂ ပတ်တာ နားမည်


ဓမ္မဒူတ(ကိုရီးယား)နှင့် အပ်စိုက်ကုပညာရှင်များအသင်း (정침학회) တို့ ညှိနှိုင်းဆောင်ရွက်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ယနေ့ သြဂုတ်လ ၇ ရက်နေ့နှင့် လာမည့် သြဂုတ်လ ၁၄ ရက်နေ့ ထိ ရက်သတ္တ ၂ ပတ်တာ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း၊ နောင် သြဂုတ်လ ၂၁ ရက် တနင်္ဂနွေအပတ်မှ အစပြု၍ ပုံမှန်အစီအစဉ်များအတိုင်း ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

Thursday, July 7, 2011

ဓမ္မဒူတ(ကိုရီးယား) ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းဖိတ်ကြားလွှာ

ဓမ္မဒူတ (ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုမောင်နှမများနှင့်အတူ၊ ၁၃၇၃ ခုနှစ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်-

ရက်စွဲ။ ၁၃၇၃ ခုနှစ် ဝါဆိုလပြည့်ကျော် ၂ ရက်။ (တနင်္ဂနွေနေ့)
( ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက် )
နေရာ။ ဓမ္မဒူတသိမ်ခမ်းမ
အစီစဉ်-
-ဝ၆း၃ဝ သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း ၊
-ဝ၇း၁၅ ဧည့်သည်တော်များ နံနက်စာ အာဟာရသုံးဆောင်ခြင်း ။
-ဝ၉း၃ဝ ခေတ္တနားခြင်း ၊
-၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
-၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း၊
-၁၃း၁၅ ခေတ္တ အနားယူခြင်း၊
-၁၃း၃ဝ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနား စတင်ခြင်း၊
-၁၃း၃၅ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများလှူဒါန်းခြင်း၊
-၁၅းဝဝ အလှူတော်ရေစက်ချ တရားနာကြားခြင်းနှင့် အခမ်းအနားပြီးဆုံးခြင်း၊
ပါရမီရှင်များအနေဖြင့် ဝါဆိုသင်္ကန်းနှင့်တကွ အလှူဝတ္ထုပစ္စည်းများကို စိတ်တိုင်းကျ အလွယ်တကူ လှူဒါန်းနိုင်ကြစေရန် အသင့် စီစဉ်ထားရာဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

၁၊ သင်္ကန်း ၊ ပရိက္ခရာ ရှစ်ပါးအစုံ တစ်စုံ ဝမ် (၅ဝ,ဝဝဝ)
၂၊ တိစီဝရိတ်သင်္ကန်း တစ်စုံ ဝမ် (၃ဝ,ဝဝဝ)
၃၊ သင်္ကန်းဒွိစုံ တစ်စုံ ဝမ် (၂ဝ,ဝဝဝ)
၃၊ ထီး ၊ ယပ် ၊ ဖိနပ် ။ တစ်မျိုး ဝမ် ( ၅,ဝဝဝ)
၎၊ ဆွမ်းဆန်တော် (၁ဝကီလို) တစ်အိတ် ဝမ်(၂ဝ,ဝဝဝ)
၅၊ ဆီ ( ၂.၅ လီတာ ) တစ်ပုံး ဝမ် ( ၅,ဝဝဝ)

အလှူတော်နေ့တွင် ဒေါ်လှလှဌေး ဒေါ်စန်းစန်းဝင်း (မိုးညှင်း) နှင့် မိတ်ဆွေတစ်စုက ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များကို အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း ကပ်လှူပူဇော်ကြမည်ဖြစ်ပါသည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)

Tuesday, July 5, 2011

ဓမ္မဒူတ(ကိုရီးယား) ဂျယ်ဂျူးဒို သို့ နွေရာသီအပမ်းဖြေခရီး ပြင်ဆင်ကြေညာခြင်း

ဓမ္မဒူတ(ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ နှင့်အတူ လာမည့် ဇူလိုင် ၃၀ /၃၁ ရက်များတွင် ဂျယ်ဂျူးဒိုသို့ အပမ်းဖြေခရီးထွက်ရန် ကြေညာခဲ့ပါသည် ။

သို့ရာတွင် လေယာဉ်လက်မှတ်နေရာ အလုံအလောက်ရရှိခြင်းမရှိပါသဖြင့် ၊ အဆိုပါ ခရီးစဉ်မှာ အောက်ပါ အစီအစဉ်အတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည် -

၂၀၁၁-သြဂုတ်လ-၁၄ (တနင်္ဂနွေနေ့) နံနက် ၊ စထွက်မည် ။
၂၀၁၁-သြဂုတ်လ-၁၅ (တနင်္လာနေ့၊ အစိုးရရုံးပိတ်ရက်) ညနေ ပြန်လည်ရောက်ရှိမည် ။

နွေရာသီခရီးစဉ်အတွက် အသွားအပြန်လေယာဉ်လက်မှတ်ခ ၊ (ခရီးစဉ်စဆုံး) တည်းခိုစရိတ် ၊ စားသောက် စရိတ်စရိတ်များ ၊ ပြတိုက်နှင့် ယဉ်ကျေးမှုဇုံများဝင်ခ (ဝမ် ၉သောင်း အပါအဝင်) ၁ ဦးလျင် ဝမ် ၃ သိန်း ၅ သောင်းနှုန်း သတ်မှတ်ထားပါသည် ။

လေယာဉ်လက်မှတ်များကို အနည်းဆုံး ရက်သတ္တ ၂ ပတ် ကြိုတင်ဝယ်ယူရမည်ဖြစ်ပါသဖြင့် ၊ ယခင်စာရင်းပေးထားသူများ ထပ်မံအတည်ပြုချက်ပေးရန်နှင့် အမည်စာရင်း အသစ်ထပ်တိုးသူများ လိုက်ပါမည့်သူများ ဇူလိုင်လ ၉ ရက် (စနေနေ့) ညနေ ၄ နာရီနောက်ဆုံးထား ပြီး ၀၁၁-၉၃၆၀-၁၇၉၂ သို့မဟုတ် ၀၁၀-၂၃၃၁-၂၄၅၇ တို့ထံ စာရင်းပေးသွင်းကြရန် လေးစားစွာ အသိပေးအပ်ပါသည် ။

လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

Thursday, June 2, 2011

ဓမ္မဒူတနှင့် နိဗဒ္ဓအလှူ

နိဗဒ္ဓဒါန
နေ့စဉ်မပြတ် ဆွမ်းလောင်းခြင်း ၊ ဘုရားပန်း ရေချမ်းကပ်လှူခြင်းစသည်ဖြင့် အမြဲမပြတ် အဓိဋ္ဌာန်ဖြင့် ပြုလုပ်သော အလှူသည် နိဗဒ္ဓအလှူ ဖြစ်သည်ဟု ဆို၏ ။ တစ်ခါတရံ သတိရမှ ထလုပ်သောအလှူထက် မြတ်ပြီး အကျိုးပေးလည်းသန်သည် ဟု မှတ်သားရဖူးပါသည် ။ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများလည်း ၊ မြတ်သော အကျိုးပေးသန်သည့် မပြတ်သော နေ့စဉ်အလှူကို အတူတကွ လှူဒန်းနိုင်ကြစေရန်အလို့ငှာ ဓမ္မဒူ ယဉ်ကျေးမှုအသင်းက နိဗဒ္ဓအလှူအစီအစဉ်ကို စီစဉ်လိုက်ပါသည် ။

လှူလိုသော်လည်း ၊ လွန်ခက်ခဲသူများရှိ
ကျွန်တော်တို့ ကိုရီးယားတွင် နေ့စဉ် ပင်ပမ်းဆင်းရဲစွာ လုပ်ကိုင်ကြပြီးနောက် ၊ မိမိတို့ချွေးနှဲစာကို အမြတ်တနိုးတန်ဖိုးထားလှူဒါန်းလိုကြသော်လည်း ၊ အကြောင်းအမျိုးမျိုးကြောင့် အလှူပြီးမြောက်အောင် မဆောင်ဖြစ်ကြသူ လှူရန် လစ်ဟင်းနေကြသူ အများအပြားရှိနေကြောင်း သတိပြုမိပါသည် ။ ထိုသို့ သော မိတ်ဆွေများ၏ အခက်အခဲကို ပံ့ပိုးသည့်အနေဖြင့် ဤ အစီအစဉ်ကို စီစဉ်လိုက်ရခြင်းဖြစ်ပါသည် ။

တစ်နေ့ ၁၀၀ လှူဒါန်းရာ ..
တစ်နေ့ ၁၀၀ လှူဒါန်းရာ ၊ ၁ လမှာ ၃ ထောင်ဖြစ် ၊
၁ ယောက် ၃ ထောင် လူ ၁ ထောင် ၊ ပေါင်းသော် ကျောင်းအလှူဖြစ် ။
အလှူသည် နည်းသည်များသည်မှာ ပဓါနမဟုတ်ပါ ။ တန်ဖိုးထားတတ်မှုသည်သာ ပဓါနကျပါသည် ။ မိမိတို့ ပင်ပမ်းခက်ခဲစွာရှာဖွေထားသော လုပ်အားခများထဲမှ ချိုချဉ် တစ်လုံးဖိုးပင်မရှိသော ဝမ် ၁၀၀ ကို နေ့စဉ် လှူဒါန်းသွားကြမည် ဆိုပါက ၊ တစ်လလျင် ခေါက်ဆွဲခြောက် ၁ဗူး စာမျှ ဖြစ်သော ဝမ် ၃ ထောင်ကို လှူဒါန်းဖြစ်ကြမည်ဖြစ်ပါသည် ။ ထိုကဲ့သို့သော အလှူရှင် ပေါင်း ၁ ထောင် စုနိုင်မည်ဆိုလျင် ၊ ၁ လလျင် ဝမ် သိန်း ၃၀ တန် ကျောင်းဆောင် တစ်ဆောင် လှူဒါန်းနိုင်ပါလိမ့်မည် ။ ဤ သည်မှာ မှန်သော စကား ဖြစ်ပါသည် ။

ဘယ်လိုလှူကြမလဲ ၊ ဘယ်လိုလှူနိုင်မလဲ
ထိုသို့ နေ့စဉ်လှူဒါန်းနိုင်ရန် ၊ ဤ သို့စီစဉ်ထားပါသည် ။ မိတ်ဆွေတို့အနေဖြင့် နိဗဒ္ဓအလှူရှင် အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး လိုအပ်သော အချက်အလက်များ ဖြည့်စွက်ခါ သဘောတူညီချက်ပေးဖို့သာလိုပါသည် ။ မိတ်ဆွေတို့၏ အလှူအထမြောက်အောင် ဓမ္မဒူတနိဗဒ္ဓအလှူစီအစဉ်က အလိုအလျောက် အလှူခံပြီးဖြစ်ပါလိမ့်မည် ။

မိတ်ဆွေတို့ မေ့နေသော်လည်း အလှူက မေ့နေမည်မဟုတ်ပါ ။ အလှူခံပြီးတိုင်းလည်း မိတ်ဆွေတို့ထံမှ အလှူခံရရှိပြီးကြောင်း လူကြီးမင်းတို့ (လက်ကိုင်ဖုန်း)ထံ ဖုန်းမက်ဆေ့ဂ်ျ ပေးပို့ပြီး အသိပေးပါလိမ့်မည် ။ (အသေးစိတ်အစီအစဉ်များကို အလှူရှင် အဆိုပြုလွှာ ရှင်းလင်းချက်များတွင် ဖတ်ရှုနိုင်ကြပါသည် ။)

အလှူရှင်အဖြစ် မှတ်ပုံတင်ရန် ၊ ပုံစံကို ဤ နေရာ (ကလစ်ပါ) တွင် ရယူ ဖြည့်စွက် ပေးပို့နိုင်ကြပါသည် ။

ဤ နိဗဒ္ဓအလှူအစီအစဉ်နှင့် ပတ်သက်၍ မရှင်းမလင်း သည်များရှိလျင်ဖြစ်စေ ၊ စိတ်ပါဝင်စားသိရှိလိုလျင်ဖြစ်စေ လက်ကိုင်ဖုန်း ၀၁၀-၃၉၁၉-၂၄၇၄ သို့မဟုတ် dhammaduta.k@gmail.com ထံ မေးမြန်းနိုင်ကြပါသည် ။


လေးစားမှုဖြင့် -
ဓမ္မဒူတယဉ်ကျေးမှုအသင်း
ဓမ္မဒူတ (ကိုရီးယား)