Tuesday, October 11, 2011

စိုက်ပျိုးရေးတက္ကသိုလ်မိသားစု ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်

အောက်တိုဘာ ၉ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရိးယား) အနေဖြင့် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒကို နှင့် ၊ ဒေါက်တာ အရှင်နန္ဒက နှင့် ဆရာတော် အရှင်ကိတ္တိသာရတို့၏ အနီးကပ်ကြီးကြပ်မှု လမ်းညွှန်မှုတို့ကို ခံယူလျက် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် မြန်မာလုပ်ငန်းရှင်များ နှင့် ကျောင်းသားကျောင်းသူများတို့၏ ပူးပေါင်းပါဝင်မှုတို့ကို အလေးအနက်ခံယူပြီး ကိုရီးယားနိုင်ငံအတွင်း မြန်မာပိုင်သာသနာ့အဆောက်အဦး တစ်ခုပေါ်ပေါက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ၊ ကိုရီးယားနိုင်ငံသို့ ပညာတော်သင်အဖြစ်ရောက်ရှိနေကြသော စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားကျောင်းသူ ဆရာဆရာမများ စုပေါင်း၍ ဓမ္မဒူတ မြေအလှူတော်အတွက် ဝမ် ၁၈ သိန်း (တစ်ဆယ့်ရှစ်သိန်းတိတိ) လာရောက် လှူဒါန်းသွားကြောင်း သတင်းရရှိပါသည် ။

[စိုက်ပျိုးရေးတက္ကသိုလ်မိသားစု ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်ရေစက်ချအမျှဝေနေကြစဉ် (Photo: Dhammaduta_K)]
လွန်ခဲ့သော ချူးဆောက် ပိတ်ရက်ကာလ အတွင်း ဓမ္မဒူတ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီးကြွစဉ် မြေနေရာ ဝယ်ယူရေး သြဝါဒခံယူခဲ့ရာ ၊ ဆရာတော်ကြီးက ယူနစ် ၁၀၀ အတွက် အလှူငွေ ဝမ် သိန်း ၃၀၀ မတည်လှူဒါန်းခဲ့ပြီး ၊ မြန်မာသူကြီးမိသားစု ၊ စကားဝါမိသားစုနှင့် အမေ့အိမ်မိသားစုတို့က ယူနစ် ၅၀ စီ ၊ ဒေါ်လှလှဌေးမိသားနှင့် ဦးမောင်မောင်ဝိုင်း ဒေါ်ခင်ဝင်းမြင့်မိသားစုတို့က ယူနစ် ၁၀ စီ စုစုပေါင်း ယူနစ် ၂၇၀ (တန်ဖိုးအားဖြင့် ဝမ်သိန်း ၈၁၀) ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည် ။
အဆိုပါ ဓမ္မဒူတမြေနေရာဝယ်ယူရေးအလှူတော်သို့ မည်သူမဆို မိမိတို့ သဒ္ဓါအား အလျောက် နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြကြောင်း ၊ အရစ်ကျစနစ်ဖြင့်လည်း လှူဒါန်းနိုင်ကြသလို ၊ အသင်းအဖွဲ့အလိုက်လည်း လှူဒါန်းနိုင်ကြကြောင်း သိရပါသည် ။
သဒ္ဓါရှင်များက မြေအလှူအတွက် ဆက်တိုက်လှူဒါန်းလျက်ရှိကြရာ ဒေါ်စန်းစန်းဝင်း(မိုးညှင်း) နှင့် ရွှေကချင် ညီအစ်ကိုမောင်နှမများက ဝမ် ၅ သိန်း ၊ ကိုသုမောင် ကိုနေမျိုးလွင် ၊ မိဘ၂ပါး အမှူးထား၍ ကိုဝေဠုအောင် ၊ ဦးရဲဝင်းအောင်မိသားစု ၊ မိခင်ဒေါ်တင်ဝင်းအမှူးထား၍ ကိုဝင်းမင်းထိုက်မိသားစု ၊ ဦးလှမြင့် ဒေါ်ဝင်းကြည် သားကိုနိုင်ဇာလင်းမိသားစု တို့ကလည်း တစ်ယူနစ်စီအတွက် တန်ဖိုးအားဖြင့် ဝမ်၃ သိန်းစီ အသီးသီး လှူဒါန်းထားကြကြောင်းလည်း သိရပါသည် ။
“ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ကျနော်တို့ အခု မြေနေရာရှာနေကြပါပြီ ၊ ဒီ အင်ချောန်း ၊ ဂင်ဖို အနီးတစ်ဝိုက်မှာပါ ၊ မြေနေရာ ၃ - ၄နေရာတော့တွေ့ထားပါပြီ ။ ကျနော်တို့စီစစ်နေပါတယ် ။ အားလုံးအဆင်သင့်ဖြစ်ရင် အမြန်ဆုံးဝယ်မှာပါ ။” ဟု ဓမ္မဒူတအကျိုးတော်ဆောင် ဦးမောင်မောင်ညွန့်ဝင်း (စကားဝါမိသားစု) ကပြောသည် ။

Sunday, October 9, 2011

ဓမ္မဒူတ(ကိုရီးယား)စုပေါင်းမဟာဘုံကထိန်အလှူတော် ဖိတ်ကြားစာ

အောက်တိုဘာ ၉ ၊ အင်ချောန်းမြို့တော် ။

ဓမ္မဒူတ(ကိုရီးယား) မိသားစုအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၃ ခုနှစ် စုပေါင်းမဟာဘုံကထိန်အလှူကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -

ရက်စွဲ-
၁၃၇၃ခု နှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း (စကားဝါမိသားစုက အာဟာရဒါနပြုပါမည်)
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း