Tuesday, January 20, 2009

“ မေတ္တာရပ်ခံချက် ”

Request for ID.
“ မေတ္တာရပ်ခံချက် ”
ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများခင်ဗျား ။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား) အလုပ်အမှုဆောင်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံတွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွါးရေးနှင့် ၊ ထိုသို့သာသနာရေးလုပ်ငန်းများကို ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်ကြစေရန် လိုအပ်ချက် တစ်ခု ဖြစ်သည့် မြန်မာပိုင် သာသနာ့ အဆောက်အဦး ပေါ်ထွန်းလာရေး အကောင်အထည်ဖော်နိုင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ကို အားလုံးသိရှိကြပြီးဖြစ်မည်ဟု ယူဆပါသည် ။
ထိုသို့ဆောင်ရွက်ကြရာတွင် ၊ တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်၍မရနိုင်သလို ၊ သူဦးဆောင်မလို ကိုယ်ဦးဆောင်မလို လုပ်နေ၍လည်းမရ ၊ သူလည်းဦးဆောင်ကိုယ်လည်းဦးဆောင် ဆရာတစ်ထောင် ဗိုလ်တစ်ထောင် လုပ်နေ၍လည်းမရနိုင်ကြောင်း ယုံကြည်ကြသည့် အားလျော်စွာ ၊ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒအား သြဝါဒစရိယဆရာတော်နှင့် ပဓါနနာယကဆရာတော်အဖြစ် တင်မြောက်ကာ ၊ ဆရာတော်၏ သြဝါဒကို ခံယူလျက် ၊ မိမိတို့လုပ်ငန်းစဉ်များအား စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည် ။
ဆရာတော်ကြီး၏ ဒါယကာ ဒါယိကာမများက ဓမ္မဒူတ(ကိုရီးယား) လုပ်ငန်းတွင် ပါဝင်လှူဒါန်းကြရန် ကမ်းလှမ်း မေးမြန်းမှုများ ရှိခဲ့သော်လည်း ၊ မိမိတို့ အဖွဲ့အား ကိုရီးယားအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသေးသည့်အတွက် မိမိတို့ လုပ်ငန်းမှာလည်း တရားမဝင်လုပ်ငန်းကဲ့သို့ ဖြစ်နေသဖြင့် လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်၍ မရနိုင်ဘဲ ရှိနေခဲ့ပါသည် ။
ယခုအခါ ၊ ဆရာတော်ကြီး၏ စီစဉ်ညွှန်ကြားမှု အကျိုးတော်ဆောင်အဖွဲ့ဝင် လုပ်ငန်းရှင်များက စုပေါင်း တာဝန်ယူမှုဖြင့် ကိုရီးယားအစိုးရထံ မှတ်ပုံတင်ရန် လိုအပ်သောငွေရေးကြေးရေး ၊ အုပ်ချုပ်မှုကိစ္စနှင့် ရုံးလုပ်ငန်းအဝဝတို့ကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည် ။
သို့ရာတွင် အခက်အခဲတစ်ခုမှာ ၊ ဘာသာရေး သို့မဟုတ် ယဉ်ကျေးမှုအဖွဲ့အဖြစ်မှတ်ပုံတင်နိုင်ရန် ကိုရီးယား နိုင်ငံအတွင်း တရားဝင် နေထိုင်သူ အဖွဲ့ဝင် အနည်းဆုံး ၁၀၀(တစ်ရာဦး) ရှိရမည်ဖြစ်ပြီး ၊ ၄င်းတို့၏ နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကတ်ပြား အမှတ်နှင့် နေရပ်လိပ်စာ စသည်တို့ကို ပူးတွဲပါဇယားဖြင့် တင်ပြရမည့်အချက် ဖြစ်ပါသည် ။
အဆိုပါလိုအပ်ချက်အတွက် လူကြီးမင်းတို့၏ နိုင်ငံခြားသားကတ်အမှတ်များနှင့်တကွ ပူးတွဲပါဇယားကို ဖြည့်စွက်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံ ထေရဝါဒ ဗုဒ္ဓသာသာ ပြန့်ပွါးရေးလုပ်ငန်းတွင် ပါဝင်ကူညီပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါ သည် ။
လူကြီးမင်းတို့၏ ဖြည့်စွက်ရေးသားချက်များကို အခြားသောကိစ္စရပ်များတွင် သုံးစွဲမည်မဟုတ်ကြောင်း နှင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်ရေးအတွက် လုံခြုံစွာ ထိမ်းသိမ်းထားမည်ဖြစ်ကြောင်း ဓမ္မဒူတ အကျိုးတော်ဆောင်အဖွဲ့က လုံးဝ တာဝန် ယူပါသည် ။
လူကြီးမင်းတို့၏ ပူးပေါင်းပါဝင်ကူညီမှုအတွက် စံနစ်တကျ မော်ကွန်းတင်ထားရှိမည်ဖြစ်ကြောင်း နှင့် ကျေးဇူး အထူးတင်ရှိ ကြောင်းကိုလည်း အလေးအနက် ဖေါ်ပြအပ်ပါသည် ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။






အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း(ကိုရီးယား)
၂၀၀၉ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် ။

No comments: